သင့်ကလေး ကြီးထွားလာတဲ့အချိန်မှာ ဘာကြောင့် နာကျင်ရသလဲ
တချို့မိဘများကြုံတွေ့ရမှာပါ။ သင့်ကလေးဟာ ထိခိုက်မှုမရှိပဲ ခြေသလုံးနာတယ် ပေါင်နာတယ်လို့ ပြောရင် ဒါဟာသူတို့လေးတွေ ကြီးထွားလာလို့ပဲ ဖြစ်ပါတယ်။ ဒါဟာ အရိုးနာကျင်မှုမျိုးမဟုတ်ပဲ ကြွက်သားများနာကျင်ခြင်းလို့ သတ်မှတ်လို့ရပါတယ်။ ထိုနာကျင်မှုမျိုးဟာ ကလေးတွေ အသက် ၂နှစ်မှ ၆နှစ်အတွင်းနှင့် ၉နှစ်မှ ၁၂နှစ်အတွင်း အဖြစ်များပါတယ်။ ထို့အပြင် ညဘက်မှာ ပိုမိုဖြစ်တတ်ကြပြီး အခြေအနေဆိုးရွားပါက သင့်ကလေးဟာ အိပ်နေစဉ်အတွင်း နာကျင်တဲ့ဝေဒနာကြောင့် အော်ငိုနိုင်ပါတယ်။
ဒါဘာကြောင့်ဖြစ်ရသလဲ ?
နာကျင်မှုကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း နှစ်မျိုးရှိနိုင်ပါတယ်။ ပထမတစ်မျိုးကတော့ သင့်ကလေးဟာ ဆော့ကစားရင်း လဲကျလို့ ထိခိုက်နာကျင်တာဖြစ်နိုင်ပါတယ်။ ထိုနာကျင်မှုမျိုးက ကုသ၍ ပျောက်ကင်းနိုင်ပါတယ်။ ဒုတိယတစ်မျိုးကတော့ ကလေးဟာ ကြီးထွားမှု မြန်လာတာနှင့်အတူ အရိုးတွေလဲ ကြီးထွားလာမယ်။ ထိုအချိန် အရိုးနှင့်အတူ ကြွက်သားတွေ အရွတ်တွေပါ လိုက်ပြီး ကြီးထွားရတဲ့အတွက် ဆွဲဆန့်သလိုဖြစ်သောကြောင့် နာကျင်ရခြင်းဖြစ်တယ်။
ဒါဆိုရင် ကြီးထွားလာလို့ နာကျင်တာလား ဒါမှမဟုတ် အခြားဆိုးရွားတဲ့ ရောဂါများကြောင့် နာကျင်ရသလားဆိုတာ ဘယ်လိုသိနိုင်မလဲ?
ပထဦးစွာ ကြီးထွားလာမှုကြောင့် နာကျင်ခြင်းဖြစ်ပေါ်လျှင် ထိုနာကျင်ခြင်းဟာ နေရာတစ်ခုထဲမှာပဲ နာနေတာမဟုတ်ပါဘူး။ ဥပမာ ဒီတစ်ပတ် ညာဘက်ခြေထောက်နာတယ်ပြောရင် နောက်တစ်ပတ်ကျ ဘယ်ဘက်ခြေထောက် နာကျင်တာ ဖြစ်နိုင်ပါတယ်။ ထိုအချိန်မှာ သင့်ကလေးဟာ သူနာကျင်တဲ့ နေရာကို နှိပ်နယ်ခိုင်း ပွတ်သပ်ခိုင်းပါလိမ့်မယ်။ ဒါပေမယ့် အဲ့လို ပြုလုပ်ခြင်းက နာကျင်မှုကို ပိုဆိုးဝါးစေပါတယ်။
အကယ်၍ အရိုးအကျိတ်၊ ကင်ဆာ၊ အဆစ်ရောင်ခြင်း (သို့) ဘက်တီးရီးယားပိုးကြောင့် အရိုးအရွတ်များ နာကျင်ခြင်း ဆိုပါက ထိုနာကျင်တဲ့နေရာမှာ ယောင်နေတာ နီနေတာ (သို့) ပူနေသလို ခံစားနေရတာ ဖြစ်နိုင်ပါတယ်။ ထိုအချိန် ဆရာဝန်ထံ ပြသပြီး စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။
အကျဉ်းချုပ်ဆိုရသော် သင့်ကလေး နာကျင်မှုခံစားရပါက ဆရာဝန်ဖြင့်ပြသပါ။ ကြီးထွားမှုကြောင့် နာကျင်ခြင်းဖြစ်ပါက ထိုနေရာအား လိမ်းဆေး (သို့) ရေနွေးအိပ်ကပ်ခြင်းဖြင့် ပျောက်ကင်းနိုင်ပြီး နောက်ရက်ပိုင်းများတွင်လဲ ပြန်လည် ဖြစ်ပေါ်နိုင်ပါသည်။ အကယ်၍ ထိုနာကျင်တဲ့နေရာတွင် ယောင်ကိုင်းလာလျှင် ပူနွေးတယ်လို့ခံစားရလျှင် ဆရာဝန်ဖြင့် တိုင်ပင်ပြီး လိုအပ်သော ဆေးစစ်ချက်များ ပြုလုပ်ရန် လိုအပ်ပေသည်။



No comments:
Post a Comment